International News

စင်ကာပူ - တရုတ် နှစ်နိုင်ငံအကြား ခိုင်မာသောစီးပွားရေးဆက်ဆံမှုရှိခြင်းအပေါ် ပြန်လည်အတည်ပြု၍ ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ကုန်သွယ်မှုလမ်းကြောင်းများကို ဆက်လက်ဖွင့်လှစ်ထားနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန် ကတိကဝတ်ပြု

Last Updated:

၂၇ - ၇ - ၂၀၂၀ ရက်နေ့တွင် Video Conference ဖြင့် ပြုလုပ်ခဲ့သောဆွေးနွေးပွဲ၌ စင်ကာပူနိုင်ငံ ကုန်သွယ်ရေး နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing နှင့် တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့်ပြုပြင်ပြောင်းလဲမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr Ning Jizhe တို့သည် နှစ်နိုင်ငံအကြား နက်ရှိုင်းသောစီးပွားရေးဆက်ဆံမှုရှိခြင်းအပေါ် ပြန်လည်အတည်ပြုခဲ့ကြပြီး၊ ကိုဗစ် ၁၉ ကပ်ရောဂါအား ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းတုံ့ပြန်မှုများ လိုအပ်သောအခြေအနေတို့ကို ထောက်ပြလျက် ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်မှုမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်သွားကြရန် ကတိကဝတ်ပြုခဲ့ကြကြောင်း သိရှိရပါသည်။

ကမ္ဘာအနှံ့တွင် ကိုဗစ် ၁၉ မှ ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော် လည်း ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ကမ္ဘာကြီး ပေါင်းစည်းလာသောဖြစ်စဉ် (Globaliza-   tion)တို့အား ဆက်လက်ပံ့ပိုးရန် သဘောတူခဲ့ကြကြောင်း၊ အခြားနိုင်ငံများ (Third-party Markets) ၌ စင်ကာပူနှင့် တရုတ်ကုမ္ပဏီများအကြား ခိုင်မြဲသော ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ၂၀၁၈နှင့် ၂၀၁၉ ခုနှစ်တို့တွင် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင်တို့အကြား ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ (၂)ခု၌ ပါရှိသည့်အတိုင်း Belt and Road Initiative (BRI) စီမံကိန်းများအား ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများတွင် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းစာရင်းများကိုလည်း အတည်ပြုခဲ့ကြကြောင်းနှင့် အခြေခံအဆောက်အအုံပိုင်းနှင့် ငွေရေး ကြေးရေးပိုင်းဆိုင်ရာ ချိတ်ဆက်မှုနယ်ပယ်တို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုနည်းဗျူဟာများတွင် စင်ကာပူမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေမှုနှင့် တရုတ်နိုင်ငံ၏ Yangtze မြစ်ဝှမ်းဒေသ၊ Jing-Jin-Ji နှင့် အနောက်ခြမ်းဒေသများတွင် စင်ကာပူ၏ ပူးပေါင်းဆောင်ရွက်မှုများအနက် အစိုးရချင်းဆောင်ရွက်သော စီမံကိန်း (၃)ခုကို အသိအမှတ်ပြုခဲ့ကြပြီး၊ အဆိုပါစီမံကိန်းများမှတစ်ဆင့် ပေါ်ပေါက်လာမည့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံအနောက်ခြမ်းတို့ကို ကျော်လွန်၍ ချိတ်ဆက်မည့် CCI ကုန်းလမ်း-ရေလမ်းကုန်သွယ်မှုစင်္ကြံ [China-Singapore (Chongqing) Connectivity Initiative - New International Land-Sea Trade Corridor (CCI-ILSTC)] ဆက်လက်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ထောက်ပံ့ဆောင်ရွက်လျက်ရှိကြောင်းနှင့် စိတ်ပါဝင်စားသော မိတ်ဖက်များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုခဲ့ကြကြောင်း၊ ထို့ပြင် Singapore - China (Shenzhen) Smart City Initiative (SCI) အား ဆက်တိုက်အာရုံစိုက်၍ ဆောင်ရွက်သွားကြရန် သဘောတူခဲ့ပြီး၊ SCI အရ ဦးစားပေးဆောင်ရွက်မည့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်စေရေးနှင့် ကိုဗစ် ၁၉ ကာလအတွင်း ပိုမိုအရေးပါလာသော ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြပါသည်။

 

သတင်းရင်းမြစ် ။    ။ Ministry of Trade and Industry, Singapore

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူ)

Category: International News